International News

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် Great Depression နောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး ကျဆင်းမှုကို ဖြစ်စေလိမ့်မည်ဟု IMF ပြောကြားခဲ့ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် 1930s Great Depression နောက်ပိုင်းတွင် အဆိုးရွားဆုံးစီးပွားရေးကျဆင်းမှုကို ဖြစ်စေနိုင်ကြောင်း၊ ကမ္ဘာတစ်ဝန်း လက်ရှိ ရင်ဆိုင်နေရသည့် အကျပ်အတည်းသည် အခြားသောအကျပ်အတည်းများနှင့်မတူညီသည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) က သတိပေးပြောကြားခဲ့ကြောင်း၊ IMF ၏ အဖွဲ့ဝင်နိုင်ငံများအနက် နိုင်ငံပေါင်း (၁၇၀) သည် COVID-19 အကျပ်အတည်းကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အနှုတ်လက္ခဏာဖြင့် တစ်ဦးကျဝင်ငွေတိုးတက်မှုကို ကြုံတွေ့ရမည်ဖြစ်ကြောင်း IMF ၏ ဦးဆောင်ညွှန်ကြား ရေးမှူးဖြစ်သူ Kristalina Georgieva က လာမည့် သီတင်းပတ်အတွင်း အွန်လိုင်းမှတစ်ဆင့်ကျင်းပမည့် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့၏ အစည်းအဝေးများမတိုင်မီ ပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါသည်။

မိမိတို့အနေဖြင့် ယခုဖြစ်ပွားနေသည့် ကပ်ရောဂါအကျပ်အတည်း၏ အချိန်ကာလနှင့် နက်ရှိုင်းမှုတို့နှင့်ပတ်သက်၍ ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော မသေချာမှုများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ သို့ရာတွင် ကမ္ဘာ့တိုးတက်မှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင် သိသိသာသာ အနှုတ်လက္ခဏာပြမည်ဆိုသည်မှာ ရှင်းလင်းသည့်အချက် ဖြစ်ကြောင်း၊ ထွန်းသစ်စဈေးကွက်များနှင့် ဝင်ငွေနိမ့်နိုင်ငံများသည် ၎င်းတို့၏ အရင်းအမြစ်များ အကန့်အသတ်ရှိမှုနှင့် ကျန်းမာရေးစနစ်များ အားနည်းမှုတို့ကြောင့် စီးပွားရေးထိခိုက်နိုင်ခြေပိုများပြီး၊ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းမှ အဆိုပါနိုင်ငံများ၏ စီးပွားရေးကို ဆယ်တင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ထရီလီယံ ပေါင်းများစွာ လိုအပ်မည်ဖြစ်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့ပါသည်။

ဆင်းရဲနွမ်းပါးသည့်နိုင်ငံများအနေဖြင့် အဆိုပါလိုအပ်သည့်ငွေကြေးပမာဏ၏ သေးငယ်သောအစိတ်အပိုင်းကိုသာ တတ်နိုင်မည်ဖြစ်သဖြင့် ပြင်ပအရင်းအမြစ်များမှ အမေရိကန်ဒေါ်လာ ဘီလီယံရာနှင့်ချီ၍ ၎င်းနိုင်ငံများ၏ စီးပွားရေးသို့ ထည့်သွင်းရလိမ့်မည် ဖြစ်ကြောင်း၊ တချိန်တည်းမှာ ပင် ကမ္ဘာတစ်ဝန်းနိုင်ငံများမှ ငွေကြေးပိုင်း တုန့်ပြန်ဆောင်ရွက်ချက်များသည် အမေရိကန်ဒေါ်လာ (၈) ထရီလီယံခန့်ရှိခြင်းမှာ တွန်းအားဖြစ်စေသည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကို ယခုနှစ်၏ ဒုတိယနှစ်ဝက်တွင် အဆုံးသတ်နိုင်ပါက ကမ္ဘာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြန်လည်နိုးထလာနိုင်မည်ဟု IMF က မျှော်လင့်ကြောင်း၊ သို့သော်လည်း ကပ်ရောဂါဖြစ်ပွားမှုကာလအပါအဝင် အချက်များစွာအပေါ်မူတည်၍ အခြေအနေသည် ပို၍ဆိုးရွားနိုင်ကြောင်းလည်း Kristalina Georgieva က သတိပေးပြောကြားထားပါသည်။

မိမိတို့၏ ယခုဆောင်ရွက်မှုများသည် စီးပွားရေးပြန်လည်နိုးထမှု၏ အမြန်နှုန်းနှင့် အင်အားကိုဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် စီးပွားရေးပြန်လည် ကောင်းမွန်လာမှု သေချာစေရေးကျန်းမာရေးစနစ်များအတွက် အထောက်အပံ့များ၊ ဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်ရေး အစီအမံများကို ဆက်လက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ COVID-19 အကျပ်အတည်းကြောင့် ထိခိုက်မှုရှိသူများနှင့် လုပ်ငန်းများအား အထောက်အပံ့ပေးသည့် ငွေးကြေးနှင့် ဘဏ္ဍာရေးကဏ္ဍ ဆိုင်ရာ အချိန်ကိုက် အစီအမံများလည်း ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့ပါသည်။

ပူးပေါင်းညှိနှိုင်းဆောင်ရွက်သည့် ငွေကြေးလှုံ့ဆော်မှုအစီအမံများသည် အရေးပါမည်ဖြစ်ကြောင်း၊ ငွေကြေးနှင့်ဘဏ္ဍာရေးအရင်းအမြစ်များပြားသည့်နိုင်ငံများတွင် မူဝါဒပိုင်းပိုမိုတုန့်ပြန် ဆောင်ရွက်ရန်လိုအပ်ပြီး၊ အဆိုပါအရင်းအမြစ်များ အကန့်အသတ် ရှိသည့်နိုင်ငံများသည် ကူညီထောက်ပံ့မှုများကို ပိုမိုလိုအပ်မည်ဖြစ်ကြောင်း၊ IMF အနေဖြင့် ယင်း၏ အဖွဲ့ဝင်နိုင်ငံများအတွက် ချေးငွေထုတ်ချေးပေးနိုင်ရေး အမေရိကန်ဒေါ်လာ (၁) ထရီလီယံကို ထည့်သွင်းထားကြောင်း၊ အရေးပေါ်ရန်ပုံငွေ မျှော်မှန်း လိုအပ်ချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ (၁၀၀) ဘီလီယံကို ပြည့်မီရေးအတွက် ယင်းရန်ပုံငွေကို (၂) ဆတိုးမြှင့်ရေးကိုလည်း IMF ၏ အမှုဆောင် ဘုတ်အဖွဲ့က သဘောတူညီထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့အနေဖြင့် debt unsustainable ဖြစ်သည့် နိုင်ငံများအား ချေးငွေထုတ်ချေးနိုင်မည့် ထပ်တိုးအကူအညီများ ပံ့ပိုးနိုင်ရေး နည်းလမ်းများကိုလည်း ရှာဖွေလျက်ရှိကြောင်း၊ ထို့ပြင် COVID-19 အကျပ်အတည်းကြောင့် ထိခိုက်မှုရှိသည့် ဝင်ငွေနိမ့်နိုင်ငံများအတွက် ကြွေးမြီသက်သာခွင့် (immediate debt relief) ထောက်ပံ့ပေးနိုင်ရေး ၎င်းအဖွဲ့အစည်း ၏ ကပ်ဘေးထိန်းချုပ်ရေးနှင့်သက်သာခွင့်ရန်ပုံငွေ (Catastrophe Containment and Relief Trust) ကို တိုးမြှင့်ထား သည်ဟု IMF ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Kristalina Georgieva က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ်  -  (Neweurope)

Category: International News